Most Recent

ကိုရီးယား ရောက်တဲ့ နေ့မှာပဲ သိမြင်လာရတဲ့ ကကြီး ခကွေးရဲ့ တန်ဖိုး


 ကိုရီးယား ရောက်တဲ့ နေ့မှာပဲ ကကြီး ခကွေးရဲ့ တန်ဖိုးကို သိရပါတော့တယ်။ ကကြီး ခကွေးအကြောင်း ကိုယ်ဘယ်လောက်သိလဲ အရင်ဆုံး စဉ်းစားကြည့်ပေးပါနော်။ ကကြီး ခကွေး ရွတ်တတ်ရုံ၊ ဗျည်း ၃၃ လုံး ရှိတယ်ဆိုတာ သိရုံထက်မပိုကြဘူး ထင်ပါတယ်။


ဒါဆို ကကြီးကို က၊ ခကွေးကိုခ၊ ဂငယ်ကို ဂ စသဖြင့် အသံ ထွက်ရွတ်ကြည့်လိုက်စမ်းပါ။ ရွတ်နေရင်း ကိုယ့်လျှာကို သတိထားကြည့်ပါ။ အာခေါင်ဘယ်နေရာ ထိလဲဆိုတာ။ တကယ်သတိထားရင် က ခ ဂ ဃ င မှာ လျှာဟာ တဖြည်းဖြည်း အတွင်းကို ပို ပို ရောက်လာတာ တွေ့ပါလိမ့်မယ်။


စ ဆ ဇ စျည မှာလည်း ဒီအတိုင်းပဲနော်။တ ထ ဒ ဓ န အသံထွက် ရွတ်ကြည့်ပါဦး။ လျှာထောက်တဲ့ နေရာ အတွင်းကို ရွေ့ ရွေ့သွားတယ်နော်။ပ ဖ ဗ ဘ မ ကြည့်မလား။ နှုတ်ခမ်းဖျားမှာ အသံထွက်တဲ့ အုပ်စုလေ။ သူလည်း ပါးစပ်ဖျားကနေ တဖြည်းဖြည်း နောက်ရောက်လာတာပါပဲ။ ဟ ဠ အ ကြည့်လိုက်။ ပါးစပ်ဖွင့် ပြောရတဲ့ အုပ်စု။


ကြည့်စမ်း။ မြန်မာစာ ဘယ်လောက် စနစ်ကျလိုက်လဲ။ အုပ်စုတူရာတွေ စုလို့၊ ရှေ့ကနောက်ကို လျှာထောက်တဲ့နေရာတွေ ညီလို့။ ရှေး မြန်မာတွေရဲ့ တော်ချက်။ စနစ်ကျချက်။ ကကြီး ခကွေးမှာ တွေ့နိုင်ပါတယ်။ဖြစ်တည်ချိန် ကြည့်မလား။ ရာဇကုမာရ် ကျောက်စာကနေတွက်ရင် အနှစ် တစ်ထောင်ကျော်ပြီ။ ဒါတောင် ပျူစာသက်တမ်း ထည့်မတွက်သေးလို့။


ကိုရီးယားတွေမှာတော့ ၁၅ ရာစုအထိ သူတို့အက္ခရာ မရှိပါတဲ့။ စာရေးရင် တရုတ်စာလုံးတွေ ယူရေးရပါသတဲ့။ ဒါကို စိတ်မကောင်းတာနဲ့ ၁၄၄၆ မှာ ဆယ်ဂျုံး မင်းကြီးက ကိုရီးယား အက္ခရာ တီထွင်ပေးခဲ့လို့ ကိုရီးယားစာ ပေါ်လာပါသတဲ့။ဆယ်ဂျုံးမင်းကြီး ကိုရီးယားစာ တီထွင်တဲ့ အောက်တိုဘာ ၉ ရက်နေ့ဟာ ကိုရီးယားအက္ခရာနေ့ ရုံးပိတ်ရက်ပါတဲ့။


ခုဆို သူတို့ အက္ခရာ သက်တမ်း နှစ် ခြောက်ရာ ရှိပြီတဲ့။ သူတို့က သူတို့စာ နှစ်ခြောက်ရာရှိတာ ဂုဏ်ယူနေချိန်မှာ ကျွန်တော်တို့ မြန်မာ လူငယ်တွေက မြန်မာစာကို ဘယ်လိုသဘောထားနေကြပါသလဲ။မြန်မာစာ မေဂျာဆိုတာ ဆယ်တန်းအမှတ် အနည်းဆုံးတွေ အများစု သွားရာ နေရာပါ။ မြန်မာစာနဲ့ ကျောင်းပြီးရင် ဘာဖြစ်လဲမေး။ ဘာမှမဖြစ်ပါ။


ဟိုး အင်္ဂလိပ်ခေတ်မှာတော့ မြန်မာစာ ပါမောက္ခ ဦဖေမောင်တင်ဟာ အင်္ဂလိပ်တွေသာရတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ရာထူးကို မြန်မာထဲက ပထမဆုံးရခဲ့ပါတယ်။ပထမဆုံး မြန်မာစာ ကျောင်းသား မောင်စိန်တင် (သိပ္ပံမောင်ဝ) ဟာ မြန်မာတွေကို ပေးခဲတဲ့ အိုင်စီအက်စ် ဖြစ်ခဲ့ပါတယ်။ လယ်တီဆရာတော်ကို D. Lit ဘွဲ့ ပေးခဲ့ပါတယ်။


ဒီအချိန်မှာ သခင်ဘသောင်းက ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါလို့ ကြွေးကြော်ပြီး ဗမာတွေ ဗမာစာကို ချစ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။အခုနေများ သခင်ဘသောင်းသာ ရှိသေးရင် ဘယ်လိုများ ကြွေးကြော်လိုက်လေမလဲ စဉ်းစားရင်း..(ဆယ်ဂျုံးဘုရင်ကြီး ရုပ်တုရှေ့မှာ ဓါတ်ပုံရိုက်ရင်း တွေးမိတဲ့ အတွေးလေးတွေပါ။)