ပညာရှာဖို့ဆိုတာ လွယ်လွယ်လေးနဲ့ ရတဲ့ အရာတော့ မဟုတ်ပါဘူး။ တချို့အတွက်တော့ လွယ်ကောင်းလွယ်မှာ ဖြစ်ပေမယ့် တချို့တွေအတွက်တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ပြီးမှ ပညာသင်ရဖို့ ဖြစ်လာရတာပါကျောင်းတက်ဖို့ အတွက် ခရီးအဝေးကြီးကို သွားရမယ်၊ သင်ကြားရေးပစ္စည်းတွေ မပြည့်စုံလို့ စိတ်ညစ်ရမယ်၊ သူများတွေလို ထမင်းချိုင့်ထဲမှာ ထမင်းနဲ့ဟင်း ကောင်းကောင်း မရှိလို့ အားငယ်ရမယ်စသဖြင့်
စာသင်ရတာချင်း တူရင်တောင် ကျောင်းသားတွေရဲ့ ဘဝက မတူနိုင်ပါဘူး။ အခုလည်း ကျောင်းစာအုပ်တောင် ဝယ်ဖို့ ပိုက်ဆံမရှိတဲ့ ကျောင်းသားလေးရဲ့အဖြစ်က တကယ့်ကို စိတ်မကောင်းစရာပါသူ့ခမျာ ကျောင်းစာအုပ်ဖိုးတောင် မတတ်နိုင်တာကြောင့် ငှက်ပျောရွက်လေးတွေ ခူးပြီး အဲဒီအပေါ်မှာ စာရေးရရှာတယ်။ ဒီကျောင်းသားလေးရဲ့ နာမည်က အာလန်ဒီ လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ လီယန်ဂါ မှာ နေထိုင်တဲ့သူပါ
သူက သူတို့ရဲ့ကျေးရွာမှာ ရှိတဲ့ စာသင်ကျောင်းလေးမှာ စာသင်ရတဲ့သူဖြစ်ပြီး သူ့မိဘတွေက ဆင်းရဲတာကြောင့် ဗလာစာအုပ်တောင် ဝယ်မပေးနိုင်ပါဘူး။ ဒီတော့ ကျောင်းစာတွေကို လုပ်ဖို့အတွက် ငှက်ပျောရွက်လေးတွေကို စီစီရီရီဖြတ်ပြီး စာအုပ်အဖြစ် သုံးရတာပါ။တစ်ရက်မှာတော့ ဆရာဖြစ်သူက ကျောင်းသားတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို လာထပ်ခိုင်းရာ ကနေ ငှက်ပျောရွက်ပေါ်မှာ စာတွေရေးထားရတဲ့ အာလန်ဒီ ရဲ့အဖြစ်ကို သတိထားမိသွားတာပါ။
အာလန်ဒီ ကတော့ သူ့ရဲ့အခြေအနေကို ရှက်မနေပဲ ဒီလို ငှက်ပျောရွက်လေး တွေနဲ့ စာအုပ်တစ်အုပ် ဖန်တီးထားရတာကို ကျေနပ်နေပုံပါ။ သူက ဆရာဖြစ်သူကို သူ့ရဲ့စာအုပ်လေးက လှလား လို့ မေးခွန်းထုတ် ခဲ့တယ်လို့ ဖိလစ်ပိုင် သတင်းစာတွေက ဖော်ပြကြပါတယ်။ဒီသတင်းကို ဖတ်မိသူတွေ ကတော့ ပညာသင်ရ ဖို့သာ အဓိက ထားပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ကျောင်းသားလေးရဲ့အဖြစ်ကို ချီးကျုး ခဲ့ကြပါတယ်။
